မင်းကျန်စစ်တို့ ပို့တဲ့မေတ္တာ
posted under
Humor
by ကိုလင်း
အခန်းတစ်
ဇာတ်ခုံအပြင်အဆင်
ထန်းတောပုံ နောက်ခံကား။ အရှေ့တွင် ခွေးခြေလေးလုံး၊ စားပွဲတစ်လုံး ချထားစေ။ မလှမ်းမကမ်းတွင် ထန်းရည်ထည့်သည့် မြူအိုး သုံးအိုးခန့်ချထားစေ။
ကားလိပ်ဖွင့်စေ
ခွေးခြေတစ်လုံးပေါ်တွင် အသက်ငါးဆယ်ကျော်ခန့် အဘိုးအိုတစ်ဦး ထိုင်နေလေသည်။ မြူအိုးများကြားတွင်ကား ထန်းရည်ဆိုင်ပိုင်ရှင်လုပ်သူ ဆောင့်ကြောင့်ထိုင်လျက် ရှိလေသည်။
လူရွယ်တစ်ဦး ကြွေးကြော် အော်ဟစ်ကာ ဇာတ်ခုံဘေးမှ လက်သီးလက်မောင်းတန်းလျက် ထွက်လာလေသည်။
“ငါသည်ကား လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသော ကျန်စစ်သား ဖြစ်တော့သကိုး…”
“ဟင်… အသားလွတ်ကြီးပါလား…”
ထန်းရည်ဆိုင်ပိုင်ရှင်က မကြားတကြား ပြောလိုက်လေသည်။ ကျန်စစ်သားလည်း ခုံလွတ်တစ်ခုတွင် ၀င်ထိုင်လိုက်ကာ အဘိုးအိုကို လှမ်းပြောလိုက်လေသည်။
“အင်မတန် နာမည်ကြီးတဲ့ ကျန်စစ်သားဆိုတာ ကျနော်ပေါ့… အဘရဲ့…”
“သြော်… အေးအေး… အပြောကြီးလှပါပေတယ်ကွယ်…အဲအဲ … စွမ်းလှပါပေတယ်ကွယ်…”
ရုတ်တရက် ခါးတောင်းကျိုက်မှ လွဲ၍ အ၀တ်မပါသော လူတစ်ယောက် ဇာတ်စင်ပေါ် ပြေးတက်လာပြီး ပတ်ပြေးနေလေသည်။
ကျန်စစ်သား။ “ဗျို့ နောင်ကြီး ဘဲဥတွေ ပြန်သွားပါပြီဗျ… ခင်ဗျားမလည်း စည်းကမ်းမဲ့ လမ်းဖြတ်ကူးရသလားဗျ… အခြေအနေလေးလည်း ကြည့်အုံးမှပေါ့…”
“အေးဗျာ… ကျုပ်လည်း ဗီဒီအို အလကားမကြည့်ချင်တာနဲ့ ပြေးလာတာ… အာ ယောင်ကုန်ပြီ… ဒီမှာ ကျုပ်က ဧရာဝတီမြစ်ကို မော်တော်ဘုတ်နဲ့ ခေါက်တုံ့ခေါက်ပြန်ကူးပြီး ညောင်ဦးကမ်းပါးကနေ ပြေးတက်လာတာဗျ… ကျုပ်နာမည်က ညောင်ဦးဖီး…”
အဘိုးအို။ “အေးအေး… ပြောလို့ ပြီးရင်လည်း ဒီမှာ လာထိုင်… ဟိုမှာ စင်ဘေးမှာ တစ်ယောက်စောင့်နေတယ်…”
ညောင်ဦးဖီး ခုံလွတ်တစ်ခုတွင် ၀င်ထိုင်လိုက်စဉ်ပင် ကြိမ်လုံးကိုင်ထားသော လူတစ်ယောက် စင်ပေါ်တက်လာလေသည်။ သူ့ရှေ့တွင်လည်း နွားသုံးကောင်ခန့်ပုံကို မသေမသပ်ဆွဲထားသော စက္ကူဂျပ်ပြားကြီးတစ်ခုကို ကိုင်၍ တွန်းလာလေသည်။
“ပုဏ္ဏားတို့ဘာဝါ ဟ ဟ ဟာဟာ… မြေညီညီဖက်ခင်းလို့ ကုလားပဲဟင်းနဲ့ ပွဲတော်တည်…. ဗေလေ့ဆပ်… ဗေလေ့ဆပ်…”
ကျန်စစ်သားက စပ်စုသော အမူအရာနှင့် မေးလိုက်လေသည်။
“ခင်ဗျားက ပုဏ္ဏားလား…”
“ဟုတ်ဘူး… လယ်ထွန် ကောက်စိုက်သီချင်း တွေမရလို့ ရရာ ကောက်ဆိုနေတာ… ဒါပေမယ့် အထင်တော့ မသေးပါနဲ့ နွားအရှဉ်းတစ်ရာကို တစ်ပြိုင်နက် ထွန်နိုင်တဲ့ကောင်ပါဗျ…”
“ဟာ… စွမ်းလှချည်လား… ဘယ်လိုများ ထွန်သတုန်း”
“လူတစ်ရာ ငှားထွန်လိုက်တာပေါ့ဗျ…”
“အန်… တော်ပါပေတယ်ဗျာ… နောင်ကြီးနာမည်က ဘယ်လိုများ ခေါ်ပါသလဲ…”
“ငလုံးလက်ဖယ် လို့ ခေါ်ပါသဗျ..”
ငလုံးလက်ဖယ်လည်း ပြောရင်းဆိုရင်း စက္ကူဂျပ်ပြားကြီးကို ပစ်ချလျက် ခုံလွတ် တစ်ခုတွင် ၀င်ထိုင်လိုက်လေသည်။ ထိုစဉ် ထန်းရည်ဆိုင်ပိုင်ရှင်က မြူအိုးများကြားမှ ထွက်လာရင်း ပြောလေသည်။
“ကျုပ်လည်း နှယ်နှယ်ရရတော့ မဟုတ်ပေဘူးဗျ…”
ကျန်စစ်သား။ “ ပြောပါအုံးဗျ…”
“အရိမဒ္ဒနပူရမှာ ရှိတဲ့ ထန်းတောအကုန်လုံးကို အကြွေးပတ်သောက်လာတာဗျ… အကြွေးမပေးတော့ရင် သူများအပင်တွေ လိုက်တက်ပြီး ခိုးသောက်တယ်လေ… နာမည်ကြီး ထန်းသမား ငထွေရူးဆိုတာ ကျုပ်ပေါ့…”
“အိမ်း… ခေသူတော့ မဟုတ်ပေဘူး…”
တချိန်လုံးထိုင်နေသော အဘိုးအိုက ရုတ်တရက် မတ်တပ် ထရပ်လိုက်လေသည်။
“အောင်ပြီ…. အောင်ပြီ… အောင်ပြီ…”
ကျန်စစ်သား။ “အဘရယ် အဘအရွယ်နဲ့ ဆယ်တန်းအောင်တာများ လျှောက်အော်နေစရာ မလိုပါဘူး”
“ထပ်ထရီး… ဘယ်ကလာ ဆယ်တန်းအောင်ရမှာလဲကွ… ကိုးတန်းအောင်တာ… အဲ… အဲ… ငါ နှစ်ပေါင်းများစွာ ရှာနေတဲ့ အားထားစရာ သူရဲကောင်းတွေကို အခု တစ်ထိုင်တည်းမှာ တွေ့လိုက်ရလို့ အောင်ပြီလို့ အော်တာကွ…”
“အဘက ဘယ်သူများလဲ”
အဘိုးအိုက ရင်ကိုကော့လျက် ခါးထောက်ကာ ပြောလိုက်လေသည်။
“ငါသည်ကား အရိမဒ္ဒနပူရပြည့်ရှင် အနုရုဒ္ဓါပင် ဖြစ်တော့သကိုး…”
“၀မ်းစွေ့ တူးစွေ့ သရီးဖိုးစွေ့…”
ကျန်စစ်သားနှင့်တကွ ကျန်သုံးဦးမှာ မညီမညာ တစ်ယောက်တစ်ပေါက်စီ ဂါရ၀ ပြုလိုက်ကြလေသည်။
ကားလိပ်ချစေ။

Comment Form under post in blogger/blogspot